-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Tuesday, January 12, 2016

ဗုဒ္ဓဘာသာ စင်စစ်ဖြစ်ရန် အခြေခံ (၁၀) ချက်


ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။
၎င်းတို့မှာ

၁။ပေးကမ်းကျိုးရှိ၏။
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။
၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။
၇။အမိ၌ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။
၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။
၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။
၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြကုန်ပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် ရှိကုန်၏ ဟု သိထားရမည်တည်း။
(ဤကား ဒသဝတ္ထုက သမ္မာဒိဋ္ဌိတည်း)
ဤသမ္မာဒိဋ္ဌိတည်လျှင်ပင် ဗုဒ္ဓဘာသာဝင်ဆိုရပြီ။ ပထမအဆင့်ပင်ဖြစ်၏။ ခန္ဓာ အာယတန၊ဓာတ်၊သစ္စာ၊ပဋိစ္စ သမုပ္ပါဒ်တို့ကို ဓာတ်ကွဲအောင်ကြည့်နိုင်၊ မြင်နိုင်မှ ဗုဒ္ဓဘာသာဝင် အလတ်တည်း။ ဝိပဿနာ သမ္မာဒိဋ္ဌိ ဥာဏ်ကိုရသော ပုဂ္ဂိုလ်ကား ဘာသာဝင်အကြီးတည်း။
သစ္စာလေးပါးကို ပေါက်ရောက်ပြီးသော သောတာပန် ပုဂ္ဂိုလ်သည်သာ ပရမတ္ထ ဗုဒ္ဓဘာသာဝင်အစစ်ကြီးပေတည်း။ အဘယ့်ကြောင့်ဆိုသော် သောတာပန် ပုဂ္ဂိုလ်သည် နောက်နောက်ဘဝတို့၌လည်း သဗ္ဗညုဗုဒ္ဓသရဏဂုဏ် အပြီး မြဲနေသောကြောင့် တည်း။ဗုဒ္ဓဘာသာဝင်အလတ်၊အကြီးတို့ကား ယခုဘဝသာလျှင် စိတ်ချရကုန်၏။
အငယ်သည်ကား တစ်နေ့ တစ်ရက်မျှပင် စိတ်မချရသေး။ ယနေ့ ဗုဒ္ဓဘာသာ နက်ဖြန် စာဖြူဝင် ဖြစ်နိုင်သေးသူဖြစ်၏။ စိတ်မချရသေး။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများလည်း ပရမတ္ထ ဗုဒ္ဓဘာသာဝင် မဖြစ်သေးလင့် ကစား ဗုဒ္ဓဘာသာ အလတ်၊ အကြီးအဆင့်လောက်တော့ ရောက်အောင် ကြိုးစားကြပါလို့ တိုက်တွန်းသမှု ပြုလိုက်ရပါသည်။
စာတ်ဖတ်သူအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
by mhuthaw မှ
တဆင့်ဓမ္မဒါနကူးယူပြီး တင်ပြအပ်ပါသည်။

No comments:

Post a Comment