-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Thursday, January 14, 2016

အိမ်ထဲ၌ပင် ရရှိနိုင်သည့် မဂ္ဂင်ရှစ်ပါး

အိမ်ထဲ၌ပင် ရရှိနိုင်သည့် မဂ္ဂင်ရှစ်ပါး
တစ်နည်း အိမ်တွင်း မဂ္ဂင်ရှစ်ပါး
***************************

 
သမ္မာဒိဋ္ဌိ
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမူ မကောင်းမူကံတွေသည် ငါ၏သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင်အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏အကျိုးကို နားလည်သောဥာဏ်ဖြစ်ပါစေ၊ တစ်ခါတစ်ရံ၌ကား ရုပ်နာမ်နှစ်ရပ်ပေါင်းစပ်၍ လူဟုခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင် ၀ိပဿနာဥာဏ်ဖြစ်ပါစေ။
သမ္မာသင်္ကပ္ပ
မိမိအတွက်ဖြစ်စေ, သူတစ်ပါးအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ၊ သူတစ်ပါးတို့ ပျက်စီးသွားမည့်အကြံ, ဆင်းရဲသွားမည့်အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာကရုဏာထား၍ သနားပါ, စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား “လူ့လုပ်ငန်းကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်”ဟု ကြံပါ။
သမ္မာဝါစာ
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက်အချော် အပြောင်အလှောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနူတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။
သမ္မာကမ္မန္တ
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မူ, ခိုးမူစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမူများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ်ပြုမိပါစေ။
သမ္မာအာဇီဝ
မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေးဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။
သမ္မာဝါယာမ
စီးပွားရှာရာဖြစ်စေ, ကုသိုလ်ကိစ္စ၌ဖြစ်စေ, ၀ီရိယအမြဲရှိပါစေ, လောကီစီးပွားရေးဖြစ်စေ, သံသရာကြီးပွားရေးဖြစ်စေ, မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အရေးဖြစ်စေ “အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်”ဟု ကံတစ်ခုကိုအားကိုးလို့ ရနိုင်ရိုး မရှိပါ၊ ရေလာမြောင်းပေးဆိုသလို ၀ီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။
သမ္မာသတိ
နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲ သတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချရပါတော့မည်။
သမ္မာသမာဓိ
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နူတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ၊ မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက်တည်ကြည်နေလျှင် မြင်သူလူအများက ခန့်ညားကြည်ညိုလျက် မျက်နှာအနေ မတင်းသည့်အတွက်လည်း တစ်မျိုးကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။
ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်းဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန်မဂ်ဖိုလ်မဂ္ဂင်များသို့ရောက်အောင် သမ္မာသတိကြီးစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားအာရုံပြုရင်း, ဘုရားရှိခိုးရင်း, ရေတော်, ပန်းတော်, ဆီမီးတော်ကပ်ရင်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်၍ ထိုကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပုံကို ပြပါဦးမည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
တောသူမလေး
မေတ္တာရိပ် blogs မှ
တဆင့်ဓမ္မဒါနကူးယူပြီး တင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြ
ပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြ
ပါသည်ခင်ဗျာ)

No comments:

Post a Comment