ရွှေဆံနွယ်ဆရာတော်ဂုဏ်ပြုပွဲအတွက် ရေးသားပူဇော်သည်..
(၁)
ပညာရေးနဲ့ပတ်သက်၍ ဆိုရိုးစကားတစ်ခုရှိသည်။ “ရှင်နေသမျှ သင်ကြရမည်။ သင်နေသမျှ ရှင်နေကြမည်”ဟူ၍ ဖြစ်သည်။ ရှေးယခင်က ဤအဆုံးမကို ကောင်းစွာ သဘောမပေါက်ခဲ့။ စာရေးသူ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ Moscow Power Engineering Institute ဘာသာစကားဌာနတွင် ရုရှားဘာသာစကားကို သုံးလခန့်လေ့လာသင်ယူပြီး နောက်ပိုင်းရောက်မှသာ “ရှင်နေသမျှ သင်ကြရမည်။ သင်နေသမျှ ရှင်နေကြမည်”ဟူသော စကားအဓိပ္ပါယ်ကို ပို၍ သဘောပေါက်လာခဲ့ပေသည်။ အမှန်မှာ “ရှင်နေသမျှ သင်ကြရမည်” ဆိုသည်မှာ အသက်ရှင်ေ နသမျှ လေ့လာသင်ယူနေကြမည်ဟု ဆိုလိုပြီး။ “သင်နေသမျှ ရှင်နေကြမည်”ဆိုသည်မှာ သင်ယူလေ့လာနေသမျှ တိုးတက်နေကြမည်။ အောင်မြင်နေကြမည်။ သင်ယူလေ့လာမှု ရပ်လိုက်ခြင်းသည် တိုးတက်အောင်မြင်မှုရပ်တံ့ ရပ် တံ့လိုက်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ဘ၀တိုးတက်အောင်မြင်မှုများ မရပ်တံ့စေလိုလျှင် သင်ယူလေ့လာမှုကိုလည်း ရပ်တံ့၍မဖြစ်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
(၂)
မှန်ပါသည်။ အချိန်နဲ့အမျှ ရှေ့သို့ချီတက်နေသော
ယနေ့ကမ္ဘာကို ခြုံငုံ၍ သုံးသပ်ကြည့်မည်ဆိုလျှင် ဤအချက်ကို ကွက်ကွက် ကွင်းကွင်းမြင်ကြပေမည်။ ယနေ့ခေတ်သည် လူတစ်ဦးတစ်ယောက်ချင်းမှစ၍ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်သည် အပြိုင်အဆိုင် ကြိုပမ်းနေကြပေသည်။ ဟိုယခင်ကလို အေးအေးဆေးဆေး သင်ယူနေကြ ရသော ခေတ်မဟုတ်တော့ပေ။ ကားတွေလည်း မြန်သထက်မြန်လာကြသည်။ ရထားတွေလည်း မြန်သထက် မြန်လာ ကြသည်။လေယာဉ်တွေလည်း မြန်သထက်မြန်လာကြသည်။ ထို့အတူ လူတွေလည်း မြန်သထက် မြန်လာကြ သည်။ အဘယ်ကြောင့်ဆိုသော် “တိကျ၊ မှန်ကန်၊ မြန်ဆန်”မှသာ သူထက်ငါ သာလွန် နိုင်မည်ဟူသော အတွေးများ ကိုယ်စီ ပွေ့ပိုက်ထားကြသောကြောင့်ဖြစ်သည်။ သက်ဆိုင်ရာအစိုးရများကလည်း ယင်းသီအိုရီကို အတိကျ အကောင်အထည်ဖော်နိုင်ရန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် မြေအောက်ရထားစနစ်များကို ပို၍ အကော င်ထည်ဖော်ဆောင်ရွက်လာကြပေသည်။ မြေအောက်မီးရထားစနစ်သည် ယာဉ်ကြောကျပ်ခြင်းပြဿနာမရှိသော ကြောင့် ဘူတာတစ်ခုနဲ့တစ်ခုကို သတ်မှတ်ထားသည့်အချိန်အတိုင်း တိကျအောင်မောင်း နှင်ပေး နေကြသည်ကို တွေ့ရသည်။ ဘူတာတစ်ခုမှ တစ်ခုကို (၂)မိနစ် သတ်မှတ်ထားလျှင် (၂)မိနစ် အတိအကျ ရောက်အောင် မောင်းနှင် နေကြသည်ကိုတွေ့ရသည်။
(၃)
ထို့အပြင် စာပေသင်ကြားရာတွင်လည်း အချိန်ကိုအတိကျလေးစားလိုက်နာပြီး သက်ဆိုင်ရာက သတ်မှတ်ထား သည့်အတိုင်း သင်ရိုး ညွှန်းတမ်းပေါက်အောင် သင်ကြားကြသည်။ အတန်းချိန်ဘဲလ်သံမည်သည်နဲ့တပြိုင်နက် သင်ကြားချက်စတင်ပြီး အတန်းချိန်ပြီးသည့်ဘဲလ်သံကြားသည့်နဲ့တပြိုင်နက် သင်ကြားခြင်းကိုရပ်ကြရသည်။ သတ်မှတ်ချိန်ထက် စော၍ရပ်လျှင်သော်လည်းကောင်း၊ သတ်မှတ်ချိန်ထက်ပို၍ သင်လျှင်သော်လည်းကောင်း ထိုဆရာ၊ဆရာမသည် ကျောင်းသားများ၏စောဒကတက်ခြင်းကို ခံကြရမည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသူ ၊ကျောင်းသားအများစုသည်လည်း ကျောင်းအားလပ်ချိန်တွင် အချိန်ပိုင်းအလုပ် (Part Time Job) အလုပ်များ လုပ်ကိုင်နေကြသောကြောင့်ဖြစ်သည်။ ထိုကျောင်းသားများအနေဖြင့် ကျောင်းဆင်းချိန်တိကျမှ လုပ်ငန်းဂွင်ကို အချိန်မှီသွား နိုင်မည်ဖြစ်သည်။ ကျောင်းဆင်းချိန်နောက်ကျလျှင် အလုပ်ချိန်နောက်ကျမည်။ အလုပ်နောက်ကျလျှင် အလုပ်ရှင်နဲ့ပြဿနာ တက်မည်။ ပြဿနာတက်လျှင် ဘ၀ရပ်တည်ရေး အခက်ခဲရှိမည်။ တစ်ဦးတစ် ယောက်တည်းမဟုတ် လူ့အဖွဲ့စည်း တစ်ခုလုံးကို ဤနည်းဖြင့် တည်ဆောက်ထားသည့်အတွက်ကြောင့် မိမိရဲ့လူ့အဖွဲ့စည်းသဘောတရားကိုကောင်းစွာ သိရှိထားသူများဖြစ်သည့်အားလျှော်စွာ မိမိ၊ သူတစ်ပါးနှစ်ဦးသား တို့ရဲ့ လုပ်ငန်းကိုလေးစားလိုက်နာသောအားဖြင့် အချိန်ကိုက် ဆောင်ရွက်နေကြပေသည်။ မြေအောက်မီးရထား ဘူတာ၊ ပလပ်ဖောင်းပေါ်များတွင် အေးအေးလူလူ သွားလာသည်ကို တွေ့မြင်ရကြမည်မဟုတ်။ မပြေးရုံတမယ် သုတ်ခြေတင် သွားလာနေကြသည်ကိုသာ တွေ့ကြမြင်ကြရပေမည်။ အကြောင်းမှာ အချိန်နဲ့တွက်ချက်၍ လုပ်ကိုင် နေကြရသောကြောင့် အလုပ်တစ်ခုမှ တစ်ခု။ အိမ်ကနေ ကျောင်း။ ကျောင်းကနေ အိမ်ကို အချိန်မှီ အချိန်ကိုက် ရောက်နိုင်ရန် စိတ်စောနေကြသောကြောင့်ဖြစ်သည်။
(၄)
အရာရာအေးအေးလူလူနေတတ်၊ လုပ်တတ်သည့်အကျင့်စွဲနေသော မြန်မာတစ်ယောက်အဖို့ သူတို့ရဲ့သွားလာ လှုပ်ရှားနေသည်ကို ကြည့်ရမြင်ရသည်မှာ စိတ်မသက်သာရှိလှသည်။ ၄င်းတို့၏လူနေမှုစရိုက်သည် စာသင်ခန်း ထဲထိ ရိုက်ခိုက်လာသည်ကိုတွေ့ရသည်။ စာသင်ခန်းမရှိ ဆရာမတစ်ယောက်၏ စာသင်ကြားမှုသည်ပင် အပြေးအလွှားနိုင်လွန်းလှသည်။ နားထဲကြားယောင်နေသည့် ဆရာမ၏အသံမှာ ဘိစ်သရ ဘိစ်သရ (быстро, быстро) “မြန်မြန် မြန်မြန်” ဆိုသည့်အသံပင်ဖြစ်သည်။ အတန်းစသည်နဲ့ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အိမ်စာများကို စစ်ဆေးသည်။ တစ်ယောက်ကိုစစ်နေစဉ် အခြားကျောင်းသားများ အလကားမနေရအောင် တခုခု ဖတ်ခိုင်းရေးခိုင်း လုပ်ခိုင်းသည်။ နှုတ်နဲ့အမေးအဖြေလေ့ကျင့်ခန်းလုပ်ရာတွင်လည်း “အီ အယ်”လုပ်နေသည်ကိုပင် စိတ်မရှည်။ လုပ်နေလျှင် တခြားတစ်ယောက်ကို ပြောင်းဆိုခိုင်းလေ့ရှိသည်။ တရက်ကို (၅)နာရီဆက်တိုက်သ င် လေ့ရှိသည်။ (၁)နာရီခွဲလျှင် နားချိန် (၁၀)မိနစ်ပေးသည်။ စာသင်ချိန်အတွင်း အချိန်ဖြုန်းသည့်လုပ်ရပ်များကို နည်းနည်းမျှမတွေ့ရ။ ရေသောက်တာတောင် ခပ်မြန်မြန်သောက်လေသည်။ ကျောင်းချိန်ပြည့်ခါနီး အိမ်စာအမြဲ ပေးလေ့ရှိသည်။
(၅)
ထို့ထက်ပို၍ အံ့သြစရာကောင်းအချက်မှာ ပညာရှင်များကို ကာယကံရှင်ဆန္ဒမပါဘဲ အငြိမ်းစားပေးလေ့မရှိ။ စာရေးသူ တို့ကို သင်ကြားပေးနေသော ဘာသာစကားဆရာမသည်ပင် အသက် (၈၀) ၀န်းကျင်ရှိနေပေပြီ။ သို့သော် သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်ရှိဆဲပင်ဖြစ်သည်။ မြန်မာပြည်မှာဆို အေး အေးလူလူနေကြပြီး ဘ၀ကူး ကောင်းအောင် ပြင်ဆင်နေကြသည့် အရွယ်ပင်ဖြစ်သည်။ အခြားမြန်မာကျောင်းသားများကိုမေးကြည့် သောအခါ တွင်လည်း ဆရာအများစုမှာ အသက်ရွယ်ကြီးနေသူများဖြစ်ကြသည်။ ကျောင်းလာကြသည်ပင် တုန်ယင်နေ ကြပေပြီ။ တချို့စာသင်ရင်းသေသွားကြသည်။ တချို့ ကျောင်းလာရင် လမ်းမှာသေသွားကြသည်ဟု သိရသည်။ တက္ကသိုလ်ပိတ်ချိန်ဟူ၍မထား။ စာသင်ချိန်များမှာ နေ့အချိန်ရှိသလို။ အချို့ဆရာများက ညပိုင်းတွင်သင်ကြား ကြသည်။ ရုရှားနိုင်ငံ ကမ္ဘာတွင် စူပါပါဝါနိုင်ငံ တစ်နိုင်ငံအဖြစ်ရပ်တည်နေခြင်းမှာ ဤအချက်သည့် အဓိက ကျလိမ့်မည်ဟု ယူဆမိသည်။
(၆)
ခြုံငုံသုံးသပ်ရမည်ဆိုလျှင် ရုရှားလူမျိုးများရဲ့ ရင်ထဲနှလုံးသားထဲဝယ် မည်သည့်ဘာသာတရား၏အခန်းကဏ္ဍမျှ ကြီးကြီးကျယ်ကျယ် နေရာယူထားခြင်းမရှိ။ ဘာသာတရားကို သာမန်မျှသာသဘောထားကြသည်။ စာရေးသူတို့၏ ဘာသာစကားဆရာမသည်ပင် ခရစ်ယာန် ဘာသာဝင်ဖြစ်သော်လည်း ချာ့ခ်ျကျောင်းကို တခါမျှ မရောက်ဘူးဟု ဆိုသည်။ သို့ဖြစ်၍ မြန်မာပြည်သူပြည်သားများကဲ့သို့ ဘုရားသွားကျောင်းတက် တရားထုတ်ခြင်းစသ ည်ဖြင့် နောက်ဆုံးအချိန်ကို ဖြတ်သန်းခြင်းမရှိကြ။ အသက်ဆုံးတိုင် အလုပ်လုပ်ခြင်းသည်သာ သူတို့အတွက် အကောင်း ဆုံးသော ထွက်ပေါက်တစ်ခုဖြစ်သည်။ ထို့အပြင် အသက်ကြီးသော်လည်း သားသမီးများ၏ စောင့်ရှောက်မှုမရ၊ ကိုယ်လုပ်မှ ကိုယ်စားရသည်ဆိုသည့်အချက်သည်လည်း အသက်ဆုံးတိုင် အလုပ်လုပ်ဖို့ရန် တွန်းအားတရပ်ဖြ စ်ပေသည်။
(၇)
ထို့ပြင် အလုပ်မလုပ်ဘဲ အချောင်ကြီးပွါးသည်ဟူ၍ မရှိ။ ဘ၀ရဲ့ထွက်ပေါက်သည်အလုပ်နဲ့ ပညာရေးသာ လျှင်ဖြစ်သည်။ ပညာမတတ် သူ၏၀န်ထမ်းဆိုသကဲ့သို့ ပညာမထူးချွန်လျှင် သာမန်ဝန်ထမ်း၊ သာမန်ဝင်ငွေမျှဖြင့် ဘ၀ကိုကုန်ဆုံးကြရပေမည်။ သို့ဖြစ်၍ နိုင်ငံတော်က နိုင်ငံသူ၊ နိုင်ငံသားများအတွက် ကျောင်းပညာရေးတံ ခါးများကို နေ့ရောညပါ အမြဲတမ်းဖွင့်ထားခြင်းဖြစ်သည်။ ဘီအေဘွဲ့အထိ ပညာရေးသည်အလကား။ ကျောင်းအဆောင်စ ရိတ်လည်း အလကားနီးပါး စီစဉ်ပေးထားသည်။ ထူးချွန်သည့် ကျောင်းသူ၊ကျောင်းသားများကို အလုပ်အကိုင်ကု မ္ပဏီများက လခကောင်းကောင်းနဲ့ အလုပ်လုပ်ကောင်းပေးဖို့ အဆင်သင့်စောင့်ဆိုင်းနေကြသည်။ ဤအချက်များ သည် ရုပ်ပိုင်း ဆိုင်ရာကြွယ်ဝချမ်းသာ၍ ကမ္ဘာတွင် ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်း၏ အကြောင်းများဟု သုံးသပ်ရမည် ဖြစ်သည်။
(၈)
တခြားတဘက်ရှိ မြန်မာလူမျိုးများ၏လူနေမှုစရိုက်ကို ဝေဖန်သုံးသပ်ရမည်ဆိုလျှင် ငယ်စဉ်ကစ ကျောင်းကန်ဘုရား နဲ့ ရင်းနှီးအကျွမ်းဝင်ကြသူများဖြစ်သည်။ သံသရာကိုလက်ခံကြသူများပီပီ တစ်ဘ၀ကောင်းစားရေးသက်သက်မ ကြည့် သံသရာအရေး အမြဲထည့်တွေးလေ့ရှိသဖြင့် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတစ်ခုတည်းသာ ပဓာနမထား နာမ်တရားတို့ရဲ့ဖွင့်ဖြိုးတိုးတက်မှုများကိုလည်း အလေးထားဆောင်ရွက်ကြသည်ကိုတွေ့ရသည်။ ငယ်စဉ်ကစ ဘုရားစာ လက်လှမ်း မီသလောက်သင်ကြသည်။ အပတ်စဉ် တရားနာခြင်း၊ ဥပုဒ်စောင့်ခြင်းပြုကြသည်။ ခုအခါ အငြိမ်းစား ယူပြီးကြသည့် အသက် (၆၀)ကျော် (၇၀)၀န်းကျင်ရောက်နေသူများပင် အဘိဓမ္မာသင်တန်း၊ ၀ိသုဒ္ဓိမဂ်သင်တန်း၊ ဋီကာကျော်သင်တန်းများပါ ကျယ်ကျယ်ပြန့်ပြန့်တက်ရောက်ကြပြီး အပတ်တကုတ်ကြိုးစား သင်ယူနေကြသည်ကို တွေ့ရသည်။ အဖိုးတန်သည့် ၀တ်ကောင်းစားလှတွေနဲ့ ဂုဏ်တုဂုဏ်ပြိုင်လုပ်နေကြ သည့်ခေတ်တွင် ယောဂီဝတ်စုံခပ်နွမ်းနွမ်းကို ပို၍တန်ဖိုးထားလာကြသည်။ နိုက်ကလပ်၊ ဒေးကလပ် တွေ ပေါများနေသောခေတ်တွင် ကျောင်းကန်ဘုရားနဲ့ ၀ိပဿနာရိပ်သာများတွင် ပို၍မွေ့လျှော်လာကြပေသည်။ ကမ္ဘာ့လူသားတွေ စားဝတ်နေရေးကို အပူတပြင်း ရှာဖွေနေကြသည့်အချိန်တွင် ရှိသမျှနဲ့ရောင့်ရဲနိုင်ဖို့ ကြိုးစားကြပြီး ဘ၀ကူးကောင်းစေရန် နောက်ဆုံး အချိန် အေးချမ်းစွာပြင်ဆင်နေကြသည်။ ရှာဖွေ၍ရသမျှ ကိုယ်တစ်ယောက်ထဲ ကာမဂုဏ်ကို မြိန်မြိန်ကြီးခံစားဖို့ မတွေး လောကနဲ့သာသနာအတွက် ဝေငှပေးလေ့ရှိကြသည်။
(၉)
သို့ဖြစ်၍ ရုရှားလူမျိုးများနဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့၊သဘာဝ လူနေမှုစနစ်နဲ့ ဦးတည်ရာများကို နှိုင်းယှဉ်သုံးသပ်ရ မည်ဆိုလျှင် ဘာသာတရားဆိုင်ရာယုံကြည်မှုများကို ဗဟိုပြု၍ မတူညီမှုများစွာနဲ့ စီးမျှောနေကြသည်ကို တွေ့ ရသည်။ လက်ရှိအခြေနေအရ နိုင်ငံအဆင့်အတန်း အထက်နဲ့အောက် များစွာကွာဝေးလှသလို နိုင်ငံသူ၊ နိုင်ငံ သားများရဲ့ လျှောက်လှမ်းရာလမ်းဟာလည်း ပြဒါတစ်လမ်း၊ သံတလမ်းပမာ ခြားနားလှပေသည်။ ရုရှားလူမျိုးများက ရုပ်ဝတ္ထုတိုးတက်မှုကို အလေးထားသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် တစိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးစားကြသည်။ ကြိုးစားကြသည်ဆိုရာဝယ် အသေစားစက်မှုလက်မှုတို့ကို စိတ်မ၀င်စား။ ဥပမာ - မော်တော်ကား၊ တီဗီ၊ ရေခဲသေတ္တာ၊ ကွန်ပြူတာ၊ တယ်လီဖုန်းစသည့်စက်မှုပစ္စည်း၊ အီလစ်ထ ရောနစ်ပစ္စည်း၊ သွပ်၊ သံ စသည့်အိမ်ဆောက်ကုန်ပစ္စည်း၊ စားသောက်ပစ္စည်းတို့ကို အလေးမထား ၄င်းတို့ကို အိမ်နီးချင်းနိုင်ငံများကသာ တင်သွင်းကြသည်။ အဓိကထားသည့်အရာမှာ စွမ်းအင်နဲ့ စက်လက်န က်ပစ္စည်း၊ သိပ္ပံနည်း ပညာများကိုသာ အချိန်နဲ့အမျှ တိုးတက်အောင် ဦးစားပေးဆောင်ရွက်နေကြပေသည်။ နည်းပညာတက္ကသိုလ်များ မြောက်မြားစွာရှိသလို ထိုတက္ကသိုလ်များရှိ သုတေသနပညာရှင်များ ၊ သုတေသန ကျောင်းသားများဟာလည်း နေ့ရော ညပါ သုတေသနလုပ်နေကြပေသည်။ စစ်ကားနဲ့စစ်သားတွေကို မကြာမကြာ ဖြတ်သွားဖြတ်လာတွေ့နေရပြီး စာရေးသူတို့နေထိုင်သည့်ရပ်ကွက်မှာလျှင် ရဟတ်ယာဉ်သံတဗျောဗျော၊သေနတ် သံတွေတဗျောဗျော အမြဲလိုလို ကြားနေရပေသည်။ လေ့ကျင့်ရေးကွင်းရှိသောကြောင့်ဖြစ်သည်။ ထိုသို့အား ထုတ်ကြသဖြင့် အာကာသသိပ္ပံနဲ့နည်းပညာတွင် ဒီကနေ့ကမ္ဘာက လေးစားရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။
(၁၀)
မြန်မာလူမျိုးတို့သည် ရတနာသုံးပါးအရိပ်အောက်တွင် မွေးဖွား၍ သံဃာတော်တို့ရဲ့ စောင့်ရှောက်မှုအောက်တွင် လူလားမြောက်လာကြသူများဖြစ်ရကား ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဒါန၊ သီလ၊ ဘာဝနာ စသည်တို့ သည်ကား မြန်မာများအတွက် မွေးရာပါများဟုဆိုရပေမည်။ သို့ဖြစ်၍ ကိုယ်ကျင့်တရားကို အလေးထားသည်။ မိမိသူတစ်ပါး နှစ်ဦးသားတို့ရဲ့ စိတ်ချမ်းသာမှု၊ အကျိုးစီးပွါးကို လိုလားကြသည်။ တတ်နိုင်သမျှ ဝေငှ၍ စားကြသည်။ စွမ်းနိုင်သမျှ သူများကိစ္စ ကိုယ့်ကိစ္စ အကျိုးဆောင်ကြသည်။ အချိန်အခါပေးလျှင် တရားရိပ်သာတို့တွင် စိတ်ရဲ့ ငြိမ်း ချမ်းရာကို ရှာဖွေကြသည့်။ ပိုင်ဆိုင်မှုဖြင့် ချမ်းသာကြွယ်ဝမှုကို သတ်မှတ်ကြသော ယနေ့ကမ္ဘာမှာ တကယ့်ချမ်းသာ အစစ်ဆိုတာ ပိုင်ဆိုင်မှုတွေကို စွန့်နိုင်မှရတယ်ဆိုတာကို “မြန်မာလူမျိုးများရဲ့ အပေးအကမ်းရက်ရောမှုဟာ အမေရိ ကန်နိုင်ထက်သာတယ်”ဆိုတဲ့ သုတေသနစစ်တမ်းက သက်သေပြလျှက်ရှိသည်။
(၁၁)
သို့ဆိုလျှင် ရုပ်ဝတ္ထုတိုးတက်မှု၊ ကြွယ်ဝမှုကို အလေးထား ကြိုးစားရှာဖွေနေသူများက ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝချမ်း သာမှုကို ပိုင်ဆိုင်နိုင်ကြမှာဖြစ်ပြီး နာမ်ပိုင်းဆိုင်ရာ တိုးတက်ချမ်းသာမှုကို ရှာဖွေနေသူများက စိတ်ပိုင်းဆိုင်ရာ ချမ်းသာ မှု၊ ပျှော်ရွှင်ကျေနပ်မှုများကို ရကြပေမည်။ ကိုယ်ရှာတာ ကိုယ်ရပြီး ကိုယ်သင်တာ ကိုယ်သိကြပေမည်။ ရေ၊ မြေ၊ ဒေသ၊ ပထ၀ီအနေထားခြင်းမတူ။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဘာသာစကားမတူကြသည့်လူသားတို့သည် ကိုယ်ယုံကြည်ရာကိုယ်စီ မျှော်လင့်ချက်ကိုယ်စီနဲ့ရှေ့သို့ချီတက်နေကြဦးမည်သာဖြစ်သည်။ ဘယ်သောအခါမျှ တထပ်တည်းကျ၊ တပုံစံတည်းဖြစ်ကြမည်မဟုတ်ပေ။ လူသားတို့၏ တန်ဖိုးထားသည့် စံနှုန်းတို့သည်လည်း တူညီနိုင်လိမ့်မည်မဟုတ်ပေ။ ရည်မှန်းချက်ကိုယ်စီဖြင့် မိမိအကျိုး၊ လောကအကျိုးမျှော်ကိုးကာ ငယ်စဉ်လည်းသင်၊ ကြီးသော်လည်းသင်၊ ကျောင်းမှာလည်းသင်၊လောကထဲလည်းသင်၊ ခန္ဓာမှာလည်းသင်၊ အသက်ရှင်နေသမျှ သင်ယူနေကြဖို့သာအရေးကြီးပေသည်။ ယင်းသို့အပတ်တကုတ် သင်ယူ လေ့လာနေသမျှ ရုပ်လောက၊ နာမ်လော ကသဘာဝကို ကောင်းစွာသိရှိလာကြပေလိမ့်မည်။ ရုပ်လောက၊ နာမ်လောကရဲ့ သဘာဝအမှန်ကို သိမြင်နိုင် ရေးသည် လူသားတို့နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ဗုဒ္ဓရှင်တော်၏ဆန္ဒနဲ့လည်း ကိုက်ညီသည်။ သို့ဖြစ်၍ မိမိတို့ကျင်လည်နေကြရသည့် လူ့လောက၊ လူ့ဘ၀၊ လူ့ခန္ဓာကို တက္ကသိုလ်ပမာထား၍ အသက်ရှင်နေသမျှ လေ့လာ သင်ကြားနေကြရပေမည်။ လေ့လာသင်ယူနေသမျှ အစဉ်ထာဝရ ရှင်သန်နေကြမည်မှာ အသေအချာပင်ဖြစ်ပါ သည်။
No comments:
Post a Comment