သိပ္ပံချစ်သူ ညီအကိုမောင်နှမတွေအကုန်လုံး Gravitational Waves တွေ အကြောင်းကို ဒီရက်ပိုင်း သတင်းမှာ ခဏခဏ ကြားနေရမှာပေါ့ ။ တော်တော်ကို နာမည်ကြီးပြီး ၂၁ ရာစု ရဲ့ အကြီးမားဆုံး တွေ့ ရှိ ချက်တွေ ထဲက တစ်ခုဖြစ်တယ်လို့လဲ ဆိုရမှာပါ ။ ဒီဟာကို ကျွန်တော်တို့ ဘာတွေလဲ ဆိုတာ ကြည့်ရ အောင်လား ။ ဒြပ်ဆွဲမှု အကျိုးရလဒ် လှိုင်းများ လို့ခေါ်တာ အကြောင်းရှိပါတယ်။
#ဆွဲငင်အား နှင့် #အလင်းအလျှင် (Gravity and the Speed of Light)
ဆွဲငင်အားဆိုတာ ဘာလဲ? ဆွဲငင်အားဆိုတာ သဘာဝ ဖြစ်စဉ် တစ်ခုပါ ။ ကြယ်တွေ လတွေ ဂြိုဟ်တွေ တွင်းနက်တွေ စကြဝဠာ ထဲမှာ ရှိရှိသမျှသော အရာအားလုံးဟာ တစ်ခုနဲ့ တစ်ခု ကြား ဆွဲငင် အား ရှိပါတယ် ။ အခုဒီစာထိုင်ရေးနေတဲ့ ကမ္ဘာ ပေါ်က ကျွန်တော်နဲ့ ဟိုဘက် Andromeda galaxy ပေါ်က ကြယ်တစ်လုံးနဲ့ ကြားလဲ ဆွဲငင်အား ရှိပါတယ် ။ (အကွာအဝေးက တအား ကြီးပြီး ကျွန်တော့်ရဲ့ ဒြပ်ထု ဟာလဲ သေးလွန်းတာကြောင့် ဆွဲငင်အား ဟာ လျှစ်လျူရှုလို့ရပါတယ်) ဆွဲငင်အား ဟာ ကြယ်တွေ ဖြစ်ပေါ် စေ တာက အစ ကျွန်တော်တို့ရဲ့ နေ့စဉ် ကမ္ဘာပေါ်လမ်းလျှောက်တာက အဆုံး မှာ ပါဝင်နေပါတယ် ။ ဆွဲငင်အား ကို အနီးစပ် ဆုံး Newton’s Law of Universal Gravitation ( နယူတန် ၏ စကြဝဠာလုံး ဆိုင်ရာ ဒြပ်ဆွဲအား ဥပဒေသ) နဲ့ ရှင်းပြလို့ရပါတယ် ။ (F = G (m1 x m2/r^2) ) ဆိုတဲ့ ညီမျှခြင်းနဲ့ ပြလို့ရပါတယ် ။ ဆွဲငင်အား ကို အားတစ်ခုအဖြစ်နဲ့ သတ်မှတ်ထားရာ မှ Albert Einstein ရဲ့ ၁၉၀၅ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ အထူးနှိုင်းရ သီအိုရီ နဲ့ ညိစွန်းမှုတွေဖြစ်လာပါတော့တယ် ။
၁၉၀၅ ခုနှစ်မှာ Albert Einstein ဟာ အထူးနှိုင်းရသီအိုရီ (Special Theory of Relativity) ကို ထုတ်ပြန်ခဲ့ပါတယ် ။ ဒီ သီအိုရီ ရဲ့ နောက်ထပ် ကန့်သတ်ချက်တစ်ခု မှာ မည်သည့်အရာမှ အလင်း၏ အလျှင် ထက်ပိုပြီး မြန်အောင်သွားလို့ မရပါဘူး လို့ ဆိုထားပါတယ် ။ (အသေးစိတ် ရှင်းလင်းချက်နှင့် တွက်ချက်မှု များကို Curiosity Science Magazine Issue 5 နှင့် Issue 7 မှာ Relativity Theories တွေနဲ့ ပတ်သက်သောဆောင်းပါး များမှာ ဖတ် ရှုနိုင်ပါတယ် ။)
အဲ့ဒီမှာ ပြသနာလေးက စတက်လာပြီ ။ Newton ရဲ့ အဆိုရ တစ်ခုခုဖြစ်ပြီးတာ နဲ့ ဒြပ်ဆွဲအား သက်ရောက်မှု ဟာ ချက်ချင်း ဖြစ်ရပါမယ် ။ ဥပမာ ဆိုပါတော့ ၊ နေပေါက်ကွဲသွား ပြီ ပဲထား။ အဲ့တာဆို နေပေါက်ကွဲ လိုက်တာ နဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ ကမ္ဘာကြီးမှာ ကမောက်ကမ ဖြစ်စဉ်တွေတန်း ဖြစ်ရပါတော့မယ် ။ ကမ္ဘာနဲ့ နေကြားက ဆွဲငင်အားက လဲ ပြောင်းလဲသွားပြီး ကမ္ဘာပေါ်သက်ရောက်မှုဟာ စက္ကန့်မခြား ဖြစ်ရပါ့မယ် ။ အဲ့ဒီအခါမှာ အထူးနှိုင်းရသီအို နဲ့ ညိပါတော့တယ် ။ ဘယ်အရာမှ အလင်းထက် တောင် မြန်အောင် မသွားနိုင်တာ ဘာလို့ ဆွဲငင်အား က ချက်ချင်းသက်ရောက်ရမှာလဲ ? နေကအလင်းဟာ ကမ္ဘာပေါ်ကို ရောက်ဖို့ ၈ မိနစ်နဲ့ စက္ကန့် ၂၀ ကြာပါတယ် ။ အဲ့ဒါဆိုလို့ ရှိရင် နေပျက်တဲ့အကျိုးသက်ရောက် မှုဟာ ၈ မိနစ် နဲ့ စက္ကန့် ၂၀ မှာရောက် ဒါမှမဟုတ် အဲ့ထက်နောက်ကျမှ ရောက်မှဖြစ်မယ် ။ မဟုတ်ရင် ဆွဲငင်အားဟာ အလင်းထက် မြန်နေတဲ့ သဘောဖြစ်မနေဘူးလား ? (နေပျက်တာနဲ့ ကမ္ဘာပေါ် အကျိုးသက်ရောက်မှုတွေကို အလင်းကန်တော့ခုံး တွေနဲ့ ပြလို့ရပါတယ် ။ Curiosity Science Magazine ရဲ့ Issue 5 - အချိန်-ဟင်းလင်းပြင် (သို့) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း ဆိုတဲ့ ဆောင်းပါးမှာ အကျယ်တဝင့်ဖတ်ရှုနိုင်ပါတယ်။) ဒီပြသနာကိုရှင်းဖို့ Einstein ဟာ နောက်ထပ် ၁၀ နှစ်အချိန်ယူ ခဲ့ ရပါတယ် ။ ၁၉၁၅ ခုနှစ်မှာတော့ အခုနာမည်ကျော် ယေဘုယျ နှိုင်းရသီအိုရီ (General Theory of Relativity) ကို Einstein က ထုတ်ပြန်ခဲ့ပါတယ် ။
ယေဘုယျ ရီလေတီဗတီ သီအိုရီ ဟာ ဒြပ်ဆွဲအား ကို ဂျီသြမေတြီ နည်းအရ ရှင်းပြတဲ့ သီအိုရီတစ်ခုပါ ။ Einstein ဟာ သူ့ရဲ့ အထူးရီလေတီဗတီ မှာ Newton ရဲ့ဒြပ်စွဲအား ကို ထည့်ပြီးစဉ်းစားလိုက်တဲ့အခါမှာ ဒီသီအိုရီ ကို ရရှိလာပါတယ် ။ ဒီ သီအိုရီ ရဲ့  အဓိက အယူအဆ ကတော့ ဒြပ်ဆွဲအား(gravity) ဟာ ကျွန်တော်တို့  နဂိုက နားလည်ထားခဲ့သလို “အား” တစ်ခုမှ မဟုတ်ပါဘူး ။ ဒြပ်ဆွဲအားဆိုတာဟာ ကျွန်တော်တို့ ရဲ့ အချိန်-ဟင်းလင်းပြင် (Space-time) ရဲ့  ကောက်ကွေးမှု ကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်တစ်ရပ်ဖြစ်ပါတယ် ။ ဘာလို့ ကောက်ကွေးရသလဲဆိုတော့ သူ့ထဲမှာရှိနေတဲ့ အရာဝတ္ထုတွေနဲ့စွမ်းအင်တွေကြောင့်ပါ့ ။အချိန်-ဟင်းလင်းပြင်ကြီးကို ရေမြှုပ်မွေ့ရာ တစ်ခုလို့မြင်ကြည့်လိုက်ပါ ။ အဲ့ရေမျြှုပ်မွှေ့ ရာပေါ် ကို သံလုံး ကြီးတစ်လုံး တင်လိုက်လို့ ရှိရင် အဲ့ မွှေ့ ရာ ကြီးမှာ ချိုင့်မသွားဘူးလား? ထို့ အတူပဲ ကျွန်တော်တို့ ရဲ့  လေးဘက်တိုင်း အချိန်-ဟင်းလင်းပြင် ကြီး ဟာ လဲ သူ့ အထဲမှာရှိနေတဲ့ အရာဝတ္ထုတွေ (ဥပမာ ကြယ်များ၊ဂြိုလ်များ) နဲ့  စွမ်းအင် များ ကြောင့် ချိုင့်တွေဖြစ်ပြီး ကောက်ကွေးတဲ့ သဏ္ဍာန်ရှိပါတယ်။ ကမ္ဘာ ဟာ နေ ကို ဘဲဥပုံ ပတ်တာဟာ ဒြပ်ဆွဲအား လို့ ဆိုတဲ့ အားကြောင့်မဟုတ်ပါဘူး ။ ကမ္ဘာအပါအ၀င် မည်သည့် အရာဝတ္ထုသည်မဆို အချိန်-ဟင်လင်းပြင်ထဲမှာ Geodesic ( Geodesic ဆိုတာ ကွေးနေတဲ့ မျက်နှာပြင်ပေါ်မှာ ရှိတဲ့ အမှတ်နှစ်ခု ကြားက အနီးဆုံး အကွာအဝေးပါ ။ ပုံ-၇ တွင်ရှု ) ဆိုတဲ့ လိုင်းပေါ် က နေပဲသွားပါတယ်။ ကမ္ဘာဟာ လေးဘက်တိုင်း အချိန်-ဟင်းလင်းပြင်မှာ အဖြောင့်အတိုင်း (Geodesic) အတိုင်းသွားတယ်ဆိုပေမဲ့ ကျွန်တော်တို့ ရဲ့ သုံးဘက်တိုင်း အာကာသ ကြီးမှာတော့ အချိန်-ဟင်းလင်းပြင်ရဲ့ ကောက်ကွေးမှုကြောင့် အဖြောင့်မသွားနိုင်တော့ဘဲ ဘဲဥပုံ အဖြစ် သွားနေရတာပါ ။ ဒီဖြစ်စဉ်ကို Stephen Hawking က ဘာနဲ့ ဥပမာပေးလဲဆိုရင် တောင်တွေအပေါ်မှာပျံသန်းနေတဲ့ လေယာဉ်ပျံနဲ့  ဥပမာပေးပါတယ် ။ လေယဉ်ပျံ ဟာသုံးဘက်တိုင်းဟင်းလင်းပြင် (မိုးပေါ်မှာ) အဖြောင့်အတိုင်းပဲ သွားပါတယ် တဲ့။ ဒါပေမဲ့ သူ့  ရဲ့  အရိပ်ဟာ နှစ်ဘက်တိုင်းဟင်းလင်းပြင် (မြေကြီးပေါ်မှာ) တော့ ကောက်ကွေ့ နေတဲ့မြေကြီးနဲ့ အတူ တွန့် ခေါက်သွားသလိုပါပဲ ။ အချိန်-ဟင်းလင်းပြင် ဟာ နေရဲ့ ကြီးမားတဲ့ ဒြပ်ထုကြောင့် ကောက်ကွေးသွားရတယ် ။ မွှေ့ ရာပေါ်မှာ သံလုံးကြီးတင်ထားတယ်လို့  မြင်ကြည့်ပါ ။ တကယ်လို့ သာ ခင်ဗျားဟာ ဂေါ်လီလုံးလေးကို အဲ့ သံလုံး ရဲ့  ချိုင့်ကြီးနေရာမှာ သွားချလိုက်ရင် ဂေါ်လီလုံးလေး ဟာ သံလုံး ကို ပတ်ပြီးလည်နေမှာပါ ။ ကမ္ဘာဟာဂေါ်လီလုံးလေးလို ပါပဲ ။ လေးဘက်တိုင်း အချိန်-ဟင်းလင်းပြင်မှာတော့ သူ ဟာအဖြောင့်တိုင်းသွားပေမဲ့ ကျွန်တော်တို့  ရဲ့ သုံးဘက်တိုင်း ဟင်လင်းပြင် မှာ တော့ ဘဲဥပုံ သွားနေတယ်ဆိုပြီး မြင်ရတာဖြစ်ပါတယ် ။ ဒြပ်ထုများတဲ့အရာဝတ္ထုဟာ အချိန်-ဟင်းလင်းပြင် မွှေ့ယာကြီးကို ပိုမိုချိုင့်ဝင်စေပါတယ် ။ ပိုမို ဒြပ်ဆွဲမှုအကျိုးရလဒ်ကိုများစေပါတယ် ။ ကျွန်တော် လမ်းလျှောက်တဲ့အခါမှာလဲ အချိန်ဟင်းလင်းပြင် တဲကို အနည်းငယ်တော့လှုပ်ရှားစေတာပဲ ။ ဒါပေမဲ့ သေးလွန်းလို့ဘယ်လိုမှစမ်းသပ်လို့မရခြင်းပါ ။ စမ်းသပ်ဖို့အတွက်ဆို တစ်ခုကိုတစ်ခု လည်ပတ်နေတဲ့ ကြယ်ကြီးတွေ ၊ Black Hole တွေလိုလာပါပီ ။
စာရွက်တစ်ရွက်ကိုတွန့် ခြေသွားအောက် ခြေပစ်လိုက် ၊ ပြီးတော့ ပိုးကောင်လေးတစ်ကောင်ကို အဲ့စာရွက်ပေါ်တင်ကြည့်လိုက် ။ ပိုးကောင်လေး ဟာ စာရွက် ကြေမွနေတာကို ဘယ်သိပါ့မလဲ ။ သူလမ်းလျှောက်ရင် အဖြောင့်တိုင်းလျှောက်လို့ ရမှာမဟုတ်ဘူး ။ ကွေ့ လိုက်စောင်းလိုက် ဖြစ်နေမှာပဲ ။ ဒါကို ပဲ သူ က မသိရင် မမြင်ရတဲ့ အားတစ်ခု က နေပြီးတော့ သူ့ ကို အဖြောင့်တိုင်းလျှောက်လို့မရအောင် တွန်းနေတယ်လို့ ပဲ သူထင်မှာပဲ ။ Newton လဲအဲ့လိုပါပဲ ။ သူဟာ အချိန်-ဟင်းလင်းပြင်ရဲ့ ကောက်ကွေးမှုကို မတွေးခဲ့လို့  ဒြပ်ဆွဲအား ကို အား တစ်ခုအဖြစ် သတ်မှတ်ခဲ့တာပါ ။ သူဟာဘယ်တုန်းကမှဒီ ဒြပ်ဆွဲအား ဆိုတာ ဘာလို့ ရှိနေတယ်ဆိုတာကို မရှင်းပြနိုင်ခဲ့ပါဘူး ။ Einstein က ရှင်းပြခဲ့တာပါ ။ ဒြပ်ဆွဲအား မရှိဘူးပြောတာမဟုတ်ဘူး နော် ။ ဒြပ်ဆွဲအားဆိုတာ အားတစ်ခုမဟုတ်ဘဲ အချိန်-ဟင်းလင်းပြင် ကြီးရဲ့ကောက်ကွေးမှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တစ်ခုပဲလို့  ပြောတာပါ ။ ဒြပ်ဆွဲအားဆိုတာထက် ဒြပ်ဆွဲခြင်း အကျိုးရလဒ် လို့ သုံးရင် ပိုမိုမှန်ကန်ပါလိမ့်မယ် ။
နေပေါက်ကွဲပြီးပြီးချင်းမှာ ကမ္ဘာ ဟာ ပြင်ပတစ်နေရာမှာရှိနေတော့ ဘာမှသက်ရောက်မှုမရှိသေးပါ။ နေပေါက်ကွဲမှုဟာ အချိန်ဟင်းလင်းပြင်ကို အကျိုးသက်ရောက်စေပါတယ် ။ အလင်းနဲ့ အတူ ဒြပ်ဆွဲမှုအကျိုးရလဒ် (ဒြပ်ဆွဲအားလို့ မသုံးတော့ပါ ။) ဟာလဲ ရှေ့ကိုထွက်လာပါတယ် ။ ဘယ်လိုလဲဆိုတော့ ကောဇောတစ်ချပ်ကိုလူလေးယောက် တစ်ယောက်ကို တစ်ဖက်စွန်းစီကနေ တင်းတင်း ဆွဲထားတယ်လို့မြင်ကြည့်ပါ ။ တစ်ဖက်ကနေပြီးတော့ ကောဇော ကို ခါ ချလိုက်မယ်ဆို၇င် လှိုင်းတွန့် တစ်ခုပေါ်လာပါမယ် ။အဲ့လှိုင်းတွန့် ဟာဟိုဘက်ကိုရောက်ဖို့  အချိန်တစ်ခုလိုပါတယ် ။ အဲ့လိုပါပဲ ။ နေပေါက်ကွဲမှုကို ကျွန်တော်တို့ ဆီ အကျိုးသက်ရောက်ဖို့ ဆို ဒြပ်ဆွဲမှုအကျိုးရလဒ် ရောက်လာမှအကျိုးသက်ရောက်မှာပါ။ အဲ့တော့ ဒြပ်ဆွဲမှုအကျိုးရလဒ် သည်လဲ အလင်းနဲ့ အတူကျွန်တော့်တို့ ဆီကိုရောက်ပါတယ် ။ အဲ့ဒီ ကော်ဇော လေးပေါ်က လှိုင်းတွန့် က ပဲ ကျွန်တော်တို့ အခုပြောနေတဲ့ Gravitational Waves ( ဒြပ်ဆွဲမှု အကျိုးရလဒ် လှိုင်းများ ) ပဲ ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ။ အချိန်-ဟင်းလင်းပြင် ဆိုတဲ့ ခြုံလွှာကြီး တစ်ခုပေါ် က လှိုင်းအတွန့်လေးတွေပါပဲ ။ သူတို့ ဟာ အာကသ ထဲမှာ အလင်းအလျှင်နဲ့ ခရီးသွားပါတယ် ။ ဒီလှိုင်းတွေဟာ ဘယ်က အချိန်မှာဖြစ်မလဲဆိုရင် ခုနကလို နေပေါက်ကွဲတဲ့ ဖြစ်စဉ်တွေမှာဆိုရင် ဒီ ဒြပ်ဆွဲမှုအကျိုးရလဒ်လှိုင်းတွေ ထွက်လာပါတယ် ။ ဒီလှိုင်းတွေဟာ ကမ္ဘာ ကိုရောက်တဲ့အခါမှ သာနေမရှိတဲ့ အကျိုးရလဒ်ကို ကျွန်တော်တို့ စခံစား ရမှာပါ ။ နေပျက်ပြီးပြီးချင်း ကျွန်တော်တို့ ကမ္ဘာပျက်မှာမဟုတ်ပါဘူး ။ နေပျက်ပြီး ရှစ်မိနစ်နဲ့ စက္ကန့်နှစ်ဆယ် ကြာမှသာလျှင် ကျွန်တော်တို့ ခံစားရမှာဖြစ်ပါတယ် ။ Quantum Mechanics ရဲ့ လှိုင်း-အမှုန်ဒွန်တွဲမှု သဘောအရ Gravitational Wave တွေကို Graviton လို့ ခေါ်တဲ့အမှုန်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ Particle Physics က ခန့်မှန်းခဲ့ပေမဲ့ Graviton တွေကို ယနေ့ထိသက်သေမပြနိုင်သေးပါ ။ (Quantum Mechanics အကြောင်းကို Issue 8 မှာရေးသားခဲ့ပြီး Particle Physics အကြောင်းကိုတော့ Issue 9 မှာရေးသားပြီးဖြစ်ပါတယ်။) အချိန်ဟင်းလင်း ပြင်ရဲ့ ကောက်ကွေးမှု ကို ၁၉၁၉ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ် က စမ်းသပ်ချက်များမှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ် ။ Gravitational Wave များကိုတော့ ဖေဖော်ဝါရီ လ ၁၁ ရက် ၊ ၂၀၁၆ ခုနှစ်မှာ LIGO က အတည်ပြုခဲ့ပါတယ် ။ စက္ကူပေါ်က ပိုးကောင်လေး က စက္ကူပြင်ကို လေ့လာရင်း သိရှိလိုက်တဲ့ အသိဟာ ကျွန်တော်တို့ လူသားသမိုင်းကို တစ်ဆစ်ချိုးပြောင်းလဲစေနိုင်လာမှာပါ ။
#LIGO စမ်းသပ်ချက်
The Laser Interferometer Gravitational-Waves Observatory (LIGO) ဟာ ၁၉၉၂ ခုနှစ်မှာ Kip Thorne ( Intersteller ရှပ်ရှင်ကားရဲ့ သိပ္ပံပညာပိုင်း ဆိုင်ရာအကြံပေးသူ ) ၊ Ronald Drever နဲ့ Rainer Weiss တို့ သုံးယောက် က ပေါင်းစပ် တည်ထောင် ခဲ့ပါတယ် ။ Gravitational Wave တွေကို စမ်းသပ်ဖို့ စတင်တူထောင်ခဲ့တာဖြစ်ပါတယ် ။ ကမ္ဘာကနေပြီး အလင်းနှစ်ပေါင်း ၁.၃ ဘီလီယံ ကွာဝေး တဲ့နေရာက နေထက် အဆ ၃၀ ကြီးမားတဲ့ တွင်းနက်ကြီးနှစ်က တိုက်မိပြီး ပေါင်းစည်း ရာက ထွက်ပေါ်လာတဲ့ Gravitational Waves တွေကို တိုင်းတာရမိခဲ့တာဖြစ်ပါတယ် ။ (ခုနကလို နေပေါက်ကွဲမှု က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၃ ဘီလီယံ ကထဲ ပေါင်းစည်းတိုက် မိလို့ သာ အခုချိန်မှာတွေ့ရှိရတာပါ ၁.၃ ဘီလီယံနှစ်တုန်း က အဖြစ်အပျက်လေး တစ်ခုရဲ့ ပုံရိပ် ပေါ့ ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁.၃ ဘီလီယံ တုန်းက အခြား ဂလက်ဆီ တစ်ခုမှာရှိတဲ့ တွင်းနက်ကြီးတစ်ခုဟာ တစ်ခုနဲ့ တစ်ခု တိုက်မိပြီး တွင်းနက်တစ်ခုအဖြစ် ပေါင်းစည်းသွားပါတယ် ။ သူတို့ ရဲ့ တိုက်မိတဲ့အဖြစ်အပျက် က နေပြီးတော့ တွင်းနက်အသစ်တစ်ခုနဲ့ အင်မတန်မှ အားပြင်းထန်တဲ့ ဒြပ်ဆွဲမှု စက်ကွင်း တစ်ခုကို ဖန်တီးပေးလိုက်ပါတယ် ။ အချိန်-ဟင်းလင်းပြင်ကို တုန်ခါသွားစေတဲ့ လှိုင်းတွေ ထွက်ပေါ်လာပါတော့တယ် ။ အဲ့ဒီ လှိုင်းတွေဟာ ကြားခံနယ်ဖြစ်တဲ့ အချိန်-ဟင်းလင်းပြင် ကို ရှေ့တိုးနောက်ဆုတ် တုန်ခါစေပါတယ် ။ ဒီတုန်ခါမှု ဟာ ဝေးလာလေလေ အားပျော့လာလေလေ ပါ ။ ဒီတုန်ခါမှု ဟာ အားပျော့လွန်းလို့ ဒါမျိုးကို တိုင်းတာလို့ မရလောက်ဘူးလို့တောင် ယူဆခဲ့ကြပါတယ် ။
ဒီ Project မှာ Detector ကြီး ၂ ခုကို အသုံးပြုခဲ့ပါတယ် ။ တစ်ခုကို Washington State မှာထားပီး တစ်ခုကို Louisiana မှာထားပါတယ် ။ အင်မတန်ကြီးမားတဲ့ L ပုံကြီးရှိပြီး ခြေတံတစ်ခု ကို ၄ ကီလိုမီတာ ထိရှည်ပါတယ် ။ (ပထမပုံမှာပြထားပါတယ်။ ပုံအတွက် Scientific American website ကို Credit ပေးပါတယ်။) အဆုံး၂ဖတ်မှာ မှန်၂ချပ်ချထားပါတယ် ။ တစ်ဖက်ကို Beam A ဆိုတဲ့ လေဆာ တန်းကိုလွှတ်လိုက်ပြီး နောက်တစ်ဖက်ကို Beam B ဆိုတဲ့လေဆာ နောက်တစ်တန်းကိုလွှတ်လိုက်ပါတယ် ။ အလင်းတန်းတစ်ခုရဲ့ လှိုင်းကို Out-of-phase အဖြစ်ထားပါတယ် ။ Out-of-Phase ထားတယ်ဆိုတာ တစ်ပုံစံထဲတူတဲ့ လှိုင်းနှစ်ခုကို Phase ၁၈၀ ဒီဂရီ ပြောင်းထားရင်ပထမလှိုင်းရဲ့ အခုံးနေရာမှာ ဒုတိယ လှိုင်းရဲ့ အခွက်ကကွက်တိရှိနေအောင် ထားတာမျိုးပါ ။ တကယ်လို့ သာ မှန်၂ခုက Detector ဆီက အကွာအဝေးအတိအကျ တူနေမယ်ဆိုရင် Destructive Interference လို့ခေါ် တဲ့ လှိုင်းအချင်းချင်း ပယ်ဖျက်ပြီး ဘာ အချက်ပြမှုကိုမှလက်ခံရရှိမှာမဟုတ်ပါဘူး ။ ဒါပေမဲ့များ အနားတစ်ဝိုက် ဒြပ်ဆွဲမှုအကျိုးရလဒ်လှိုင်းတွေ ဖြတ်သန်းနေရင်တော့ ဒီလှိုင်းတွေဟာ ခုကန ပြောခဲ့သလို အချိန်-ဟင်းလင်းပြင် ကို ကျုံ့လိုက်ဆန့်လိုက် သဘောမျိုး ဖြစ်စေပါတယ် ။ အနှောင့်အယှက်ဖြစ်စေတယ်ပေါ့ ။ အဲ့အခါမှာ မှန်နှစ်ခုအကွာအဝေးက နဲနဲလေး ကွာသွားပါပီ ။ အဲ့အခါမှာ လှိုင်းနှစ်ခုက Out of phase မဖြစ်တော့ပဲ ပေါင်းတဲ့ အခုံးကပေါင်း ပျယ်တဲ့ကောင်ကပျက်နဲ့ လှိုင်းအသစ်တစ်ခုပေါ်လာပါတော့တယ် ။ အဲ့လှိုင်းကို Detector က မိတယ်ဆိုရင် ဒါ Gravitational Wave တွေဖြတ်သွားတဲ့ သက်သေ ပဲပေါ့ ။ ဒါပေမဲ့ အဲ့ မှန် ၂ ချပ်ရဲ့ Gravitational Wave တွေကြောင်း ရွေ့သွားမဲ့အလျားဟာ ဘယ်လောက်တောင်သေးလဲဆိုရင် Proton လေးတစ်လုံးရဲ့ အချင်း ထက်တောင် သေးပါသေးတယ် ။ ၀.၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၁ (10^-15) ထက်တောင် သေးတဲ့အကွာအဝေးကို တိုင်းမိနိုင်အောင် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တွေ ကိုပါ ကျွန်တော်တို့အမြဲ ဂုဏ်ပြုရမှာပါ ။ ပုံမှန် ကျွန်တော်တို့ သိပ္ပံပစ္စည်းတွေ တိကျတဲ့ ဟာတွေတိုင်းနိုင်တာဟ တိကျမှု ၀.၀၀၀၁ ဆိုတာ တောင် တော်တော် တော့်တော် ကိုမလွယ်တာပါ ။ (အင်ဂျင်နီယာတွေသိပါလိမ့်မယ် ဒါမျိုးတိတိကျကျထုတ်ဖို့ အတော်ခက်တယ်ဆိုတာ)။ နောက်တစ်ခုဟာ ဒီစမ်းသပ်ချက်ဟာ ဒြပ်ဆွဲမှုလှိုင်းတွေအတွက်သာ မဟုတ်ဘဲ နဲ့ တွင်းနက်တွေရဲ့ တည်ရှိမှုကို ညွှန်ပြနေတဲ့ အထင်ရှားဆုံးသက်သေနောက်တစ်ခုလဲဖြစ်ပါတယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က Albert ဆိုခဲ့တဲ့ သီချင်းလေး ရဲ့ ပဲ့တင်သံလေးပေါ့ဗျာ လျှပ်စစ်သံလိုက်လှိုင်း ၊ ရေဒီယိုလှိုင်း၊ အစရှိတဲ့လှိုင်းတွေတစ်ခုကိုတွေ့ရှိတိုင်း လူ့အဖွဲ့အစည်းဟာ တဆစ်ချိုးတိုးတက်လာပါတယ် ။ အခုတွေ့ရှိတဲ့ ဒြပ်ဆွဲမှုလှိုင်းတွေကကော ကျွန်တော်တို့ မျိုးဆက် အတွက် ဘာတွေသယ်ဆောင်ပေးနိုင်မလဲဆိုတာ ကို အတူတူဆက်စောင့်ကြည့်တာပေါ့ ဗျာ ။
~Thaw Zin Htun
15th February, 2016
References :
>Wald, R. M. (1984). General relativity. Chicago: University of Chicago Press.
>Hawking, S. (1996). The illustrated A brief history of time (Updated and expanded ed.). New York: Bantam Books.
>Hawking, S. (2001). The universe in a nutshell. New York: Bantam Books.
>The Fabric of Cosmos [Motion picture]. (2011). USA: Nova.
>http://www.scientificamerican.com/…/gravitational-waves-di…/
No comments:
Post a Comment