-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, May 25, 2016

မိုးရာသီတွင် ကွန်ကရိသွန်းလောင်းခြင်း


မိုးရေဟာ လတ်လတ်ဆတ်ဆတ်သွန်းလောင်းထားတဲ့ ကွန်ကရိမျက်နှာပြင်ကို ပျော့ညံ့နေစေပါတယ်။ ဒီလို ပျော့ည့...ံမှုဟာ ကွန်ကရိရဲ့ မျက်နှာပြင် အပွန်းအစားခံနိုင်ရည်ကို ယုတ်လျော့စေပါတယ်။ တစ်ဖန် ကြံ့ခိုင်တောင့်တင်းမှုအရာမှာလည်း အားနည်းစေပြန်ပါတယ်။ ဆင့်ကဲ, ဖြစ်စဉ်အားဖြင့် ကွန်ကရိတာရှည်ခံနိုင်မှုသက်တမ်းကိုလည်း ကျဆင်းစေပြန်ပါတယ်။
သို့ဖြစ်၍ မိုးတွင်းကာလ ကွန်ကရိသွန်းလောင်းခြင်းကို ဂရုစိုက်ပြုပြီး လုပ်ဆောင်သင့်ပါတယ်။
မိုးကာလ ကွန်ကရိလုပ်ငန်းများ လုပ်ဆောင်ဖို့ရှိပါက လိုအပ်တဲ့ အကာအကွယ်ပစ္စည်းများ ကြိုတင်စုဆောင်းထားခြင်း၊ လုပ်ငန်းခွင် အမိုးအကာ အစီအမံများကို ကြိုတင်စီမံထားခြင်းအားပြုသင့်ပါသည်။
အစီအစဉ်ရေးဆွဲထားပြီးမှသာလျှင် ကွန်ကရိသွန်းလောင်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။
အကယ်၍ အခက်အခဲတစ်စုံတစ်ရာကြောင့် ကွန်ကရိသားကို အကာအကွယ်ပေးဖုံးအုပ်ထားရန် တာပေါ်လင် (TARPAULINS) နှင့် ပလက်စတစ်စ (PLASTICS SHEERTS) ကို ရရှိခြင်း မရှိသေးပါက မိုးရွာပြီးသည်အထိ စောင့်စားပြီးမှသာလျှင် ကွန်ကရိလုပ်ငန်းကို စတင်သင့်ပါတယ်။
DESIGN AND CONTROL OF CONCRETE MIXING_14TH EDITION_PAGE-200 မှာလည်း အောက်ပါအတိုင်းဖော်ပြထားပါတယ်။
“When rain occurs, all batching and placing operations should stop and the fresh concrete should be covered to the extent that the rain does not indent the surface of the concrete or wash away the cement paste.”
ဆိုလိုတာက မိုးရွာစဉ်မှာ ကွန်ကရိအစပ်အဟပ်ပြုဖို့ ချင်တွယ်ခြင်း၊ သွန်းလောင်းခြင်းတွေကို ရပ်ဆိုင်းသင့်ပြီး လတ်လတ်ဆတ်ဆတ်သွန်းလောင်းပြီးတဲ့ ကွန်ကရိကိုလည်း မိုးဒဏ်ကနေ ကာကွယ်ပေးထားရပါမယ်။ ဒါမှ ကွန်ကရိမျက်နှာပြင်မှာ မိုးစက် မိုးပေါက် အရာ (ချိုင့်ခွက်ငယ်လေးများ) မဖြစ်ပွားစေမှာပါ။ သို့မဟုတ် ဘိလပ်မြေအနှစ်များ စီးထွက်မသွားစေမှာပါ။
အကယ်၍ ကျွန်တော်တို့က အစီအမံ ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုရင် မိုးစက် မိုးပေါက်ကျတာ၊ မိုးရေစီးဆင်းတာကို မတားနိုင်ခဲ့ဘူးဆိုရင် ကောင်းကင်ကနေ အရှိန်နဲ့ ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တို့ရဲ့ ရေစူးအားကြောင့် လတ်လတ်ဆတ်ဆတ်သွန်းလောင်းထားတဲ့ ကွန်ကရိသားပျော့ပျော့မှာ ကျောက်လုံးစေ့လေးတွေပေါ်လာပြီး ဗြုတ်စဗျင်းတောင်း ကျောက်သားပြင်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကွန်ကရိမျက်နှာပြင် ကြမ်းကြမ်းတမ်းတမ်းဖြစ်သွားတတ်ပါတယ်။
ဘိလပ်မြေအနှစ်ပျော့တွေကတော့ မိုးရေရဲ့တိုက်စားမှုကြောင့် မိုးရေနဲ့အတူ စီးဆင်းသွားတယ်။
(ဒီလိုပြဿနာမျိုးကတော့ ပြန်ပြင်ယူလို့ရပါတယ်။ မိုးရွာပြီးသွားတာနဲ့ တံမြက်စည်းကြမ်းနဲ့ ခြစ်ထုတ်တာတို့၊ ကျောက်စကျောက်နတွေ ဖယ်ရှားတာတို့ လုပ်ပြီး အပျက်အစီးဖြစ်တဲ့နေရာကို မဆလာနဲ့ ပြန်ဖာတာတို့လုပ်ပေးရင် OK ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ topping layer လောင်းပေးရမယ့် လုပ်ငန်းစိတ်တွေရှိရင်လည်း အလွှာပြည့်ထပ်ပိုးလွှာတင်လိုက်သလိုဖြစ်လို့ ဒီပြဿနာဟာ အဆင်ပြေသွားမှာပါ။)
မိုးရွာနေတာကို အချိန်မီကာကွယ်ခြင်းမရှိဘဲ မိုးရွာနေဆဲလောင်းရင်လည်း water/cement ratio များလာမှာပါ။ Design Strength မရတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် နဂိုကတည်းက ဖျော်စပ်ရာမှာ ရေလျှော့ထည့်ပြီး Required Slump ထက် နည်းအောင် ဖျော်စပ်ခဲ့သင့်ပါတယ်။
ပြီးတော့ မိုးရွာနေဆဲ အကာအကွယ်မရှိဘဲ vibrator ကို ထိုးနေပြီး compacting လုပ်ခဲ့မယ်ဆိုရင် Segregation သဘောအရ အပျော့လွန်နေတဲ့ကွန်ကရိမှာ Specific Gravity များတဲ့ ရောစာကြီးတွေက အနည်ထိုင်ပြီး အနှစ်ပျော့တွေချည်း အပေါ်တက်လာတတ်ပါတယ်။ ဒီလို အပေါ်တက်လာတဲ့ အနှစ်တွေဟာ မိုးရေနဲ့အတူ စီးထွက်သွားနိုင်ပါတယ်။ ဒါဟာ သတိပြုသင့်တဲ့ အချက်တစ်ခုပါ။
မိုးရွာနေတုန်းမှာ ကွန်ကရိမျက်နှာပြင်မှာ သာမန်အခြေအနေတွေထက် ရေပိုတွေရှိနေပါတယ်။ ဒီအချိန်မှာ ရေပိုတွေကို မဖယ်ဘဲ မျဉ်းရိုက် စတုတ်တိုက်ရင် ကွန်ကရိထုရဲ့ အပေါ်ယံထုထဲကို ရေတွေ ရိုက်ထည့်နေသလိုဖြစ်သွားပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ BLEEDING EFFECT လိုပဲ အပေါ်ယံ မျက်နှာပြင်လွှာ အားနည်းတတ်ပါတယ်။ အပွန်းအစားခံ မျက်နှာပြင်မဟုတ်တော့ဘဲ အပွန်းခံလွယ်တဲ့ မျက်နှာပြင်ဖြစ်လာပါလိမ့်မယ်။
အပေါ်ယံအလွှာ အချပ်လိုက် ကွာတာမျိုးဖြစ်တတ်ပါတယ်။


CURING ကာလပြီးတဲ့ အချိန်မှာလည်း DUSTING EFFECT ကြောင့် အမှုန်ကြွဖုန်ထတာတွေ ဖြစ်ပွားတတ်ပါတယ်။
ဒါကြောင့် အထူးသဖြင့် ကွန်ကရိလမ်းတွေမှာ ကားဖြတ်မောင်းတဲ့ အချိန် ဘိလပ်မြေဖုန်ထတာတို့၊ ဘရိတ်အုပ်တဲ့အချိန် တာယာရဲ့ ပွတ်တိုက်မှုကြောင့် လမ်းသားမျက်နှာပြင် ပွန်းစားတာတို့ ဖြစ်တတ်ပါတယ်။
မိုးတွင်းကာလမှာ ကောင်းတာက CURING လုပ်ရတာ သက်သာခြင်းပါ။ စဉ်ဆက်မပြတ်နီးပါး စွတ်စိုနေတာကြောင့် ဘိလပ်မြေနဲ့ ရေဓါတ်ပြုတဲ့ HYDRATION ဖြစ်စဉ်ဟာ ကောင်းကောင်းကြီး ဖြစ်ထွန်းနိုင်ပါတယ်။ HYDRATION ကောင်းလို့ CONCRETE STRENGTH လည်း တက်လာပါတော့တယ်။
အကျဉ်းပြန်ချုံ့ရရင် -
"မိုးတွင်းကာလ ကွန်ကရိသွန်းလောင်းတဲ့အခါ"
- တာလပတ် သို့မဟုတ် ပလတ်စတစ် စ ဝယ်ဆောင်ထားပါ။
- သွန်းလောင်းမည်ဟု ရာထားသော DIRECTION အတိုင်း ခန်းဖွင့်အကျယ်အလိုက် ပေရှည်ဖြတ်ထားပါ။
- ဖြတ်စကို သစ်သားချောင်းရှည်၊ ဝါးလုံးရှည်ဖြင့် လိပ်ထားပါ။
- ကွန်ကရိမျက်နှာပြင်တွင် ရေပိုတွေ အိုင်လာပါက သံလျက်၊ ဂေါ်ငယ်ဖြင့် အနှစ်မပါအောင် ခပ်ထုတ်ပါ။ ပိုက်ပျော့ဖြင့် ဒရွတ်တိုက်ဆွဲ၍လည်း ရေထုကို ဖယ်ရှားနိုင်ပါသေးတယ်။
- သတိထားရမှာက ရေပိုတွေကို ဘိလပ်မြေအခြောက်မှုန့်ဖြူးပြီး အလွယ်တကူ ပပျောက်ခြင်းမျိုး၊ ရေအိုင်နေတာကို မဖယ်ရှားဘဲ မျဉ်းရိုက် စတုတ်တိုက် အချောကိုင်ခြင်းမျိုးတို့ကို ရှောင်ကြဉ်ဖို့ပါပဲ။
- စနစ်တကျမျဉ်းရိုက်ပြီး အချောညှိပြီးတာနဲ့ ရာသီဥတုအခြေအနေကြည့်ကာ တာပေါ်လင်/ ပလတ်စတစ်အလိပ်ကို လှိမ့်၍၊ လှိမ့်၍ ဖြန့်ကာ အုပ်မိုးပါ။
- အုပ်မိုးပြီးသည်နေရာများကို လေတိုက်အားကြောင့်မလန်စေရန် ၃” x ၁” သစ်သားချောင်းရှည် (သို့မဟုတ်) သင့်တော်ရာဖြင့် ဖိထားပါ။
- ဖျော်စပ်ချိန်မှာလည်း ကျောက်၊ သဲ တို့ ရေစိုနေတာကြောင့် ရေလျော့ပြီးဖျော်ပါ။ (REQUIRED SLUMP ထက် ရေလျော့ပြီး ဖျော်စပ်ပါ။)
- မိုးသည်းထန်စွာရွာသွန်းနေရင်တော့ လုံးဝ ရပ်နားပါ။
- ထိုကဲ့သို့ ရုတ်တရက်ရပ်နားရမည့် ACCIDENT အခြေအနေများမှာ ကွန်ကရိလောင်းတဲ့လုပ်ငန်းကို စနစ်တကျ ရပ်နားဖြစ်ဖို့၊ STRUCTURE ကို မထိခိုက်သော ရပ်နားမှုမျိုးဖြစ်ဖို့ CONSTRUCTION JOINT အတွက် သင့်တော်တဲ့နေရာသတ်မှတ်ထားပါ။
ရပ်နားတဲ့အခါ ပရမ်းပတာ ပြန့်ကျဲစီးထွက်မနေဘဲ ရပ်နားကွန်ကရိမျက်နှာပြင် တိတိပပ သပ်သပ်ယပ်ယပ်ဖြစ်ဖို့ SLAB အတွက်၊ BEAM အတွက် ဘီးစိပ် (STOPPER) များကို ကြိုတင်ပြင်ဆင်ပြီး အသင့်ဆောင်ထားပါ။
- အထက်ပါစီမံထားမှုများအပြင် အမိုးအကာဖြင့် အုပ်မိုးပြီး လောင်းနိုင်လျှင်မူ အတိုင်းထက်အလွန် ကောင်းမွန်ပါတယ်။ ကွန်ကရိအတွက်သာမက လုပ်သားများ၏ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။
__________________________________________________
လုပ်ငန်းခွင်မှာ ကြုံတွေ့ဖူးတဲ့ အခက်အခဲပြဿနာတွေ၊ သင်ယူဖူးတာတွေ၊ စာအုပ်တွေထဲကအကြောင်းအရာတွေကို စုစည်းပြီး
မိုးတွင်းကာလကွန်ကရိလောင်းတဲ့ အတွေ့အကြုံကို ရေးသားလိုက်ပါတယ်ခင်ဗျာ။
Kyaw Zin Hein

No comments:

Post a Comment